Articles

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း/အမှုထမ်းများအား တွေ့ဆုံ အမှာစကားပြောကြား

(၂၆-၁၂-၂၀၂၃ ရက်၊ နေပြည်တော်)
ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးမှ တွေ့ဆုံ အမှာစကားပြောကြားသည့် အခမ်းအနားကို ၂၆-၁၂-၂၀၂၃ ရက်၊ ၁၀၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး(၁) ဦးကျော်မျိုးထွဋ်၊ ဒုတိယ ဝန်ကြီး(၂) ဦးလွင်ဦး၊ သံအမတ်ကြီးများနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ်အရ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက် တာဝန်ထမ်းဆောင်ကြမည့် သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ အရာထမ်း၊ အမှုထမ်းများက ၎င်းတို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက် တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကိုတစ်ဦးချင်းစီအနေဖြင့် မိတ်ဆက်တင်ပြကြသည်။
ထိုသို့တင်ပြမှုများပြီးနောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ က အမှာစကားပြောကြားရာတွင် ပြည်ပသို့သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအားလုံးအတွက် ဝမ်းမြောက်ပါကြောင်း ဂုဏ်ပြုစကား ပြောကြားလိုပါကြောင်း၊ နိုင်ငံကိုယ်စားပြုသွားရောက်ရခြင်းဖြစ်သဖြင့် နိုင်ငံ့အကျိုးစီးပွားကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနများရှိ ဝန်ထမ်း တိုင်းသည် မိမိတို့ကျရာတာဝန်ကို ထမ်းဆောင်နေကြရပြီး ထမ်းဆောင်မှု လုပ်ငန်း သဘာဝ မတူညီသော်လည်း နိုင်ငံတိုးတက်ရန်အတွက် ကြိုးစားလုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပတာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွား (National Interest) ကို ကာကွယ်စောင့်ရှောက်ရန် သံတမန်များအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးမှာ ရှေ့တန်းမှ ကာကွယ်စောင့်ရှောက်ရာတွင် သစ္စာရှိရှိ၊ တာဝန်သိသိ ထမ်းဆောင်သွားရန် အရေးကြီးပါကြောင်း၊ သံတမန်အရည်အချင်းဖြစ်သော ကိုယ်စားပြုခြင်း (Representation) ကို အကောင်းဆုံးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိနိုင်ငံ၏ ပကတိအခြေအနေများကို ရောက်ရှိနေသည့် နိုင်ငံအနေဖြင့် သိရှိအောင် ကြိုးစားလုပ် ဆောင်ရမည် ဖြစ်ပါကြောင်း၊ အထင်အမြင်လွဲမှားမှုများ မရှိအောင် ရှင်းလင်းပြောကြား ညှိနှိုင်းဆောင်ရွက် ရမည်မှာ သံတမန်များ၏ တာဝန်များ ဖြစ်ပါကြောင်း၊ ထို့အပြင် သံတမန်တစ်ဦး လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့်ကျင့်ဝတ်၊ လုပ်ငန်းစဉ်များအားလုံး လေ့လာသိရှိထားပြီးဖြစ်သည့် အတွက် စွဲစွဲမြဲမြဲ လေးစားလိုက်နာကြရန် လိုအပ်ပါကြောင်း လမ်းညွှန်ခဲ့ပါသည်။
ဆက်လက်၍ လတ်တလော ကမ္ဘာကြီးရဲ့ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုနှင့် မိမိနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေကို အမြဲမပြတ်လေ့လာပြီး သင့်တင့်မျှတသည့် တုံ့ပြန်မှုမျိုးရအောင် ကြိုးစား ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ရာထူးကြီးငယ် မခွဲဘဲ မိမိလုပ်ဆောင်နိုင်သည့် စွမ်းရည်ကို အပြည့်အဝဖော်ထုတ်၍ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သံတမန်များအနေဖြင့် ရန်သူကို မိတ်ဆွေဖြစ်အောင်၊ မိတ်ဆွေကို ပို၍ချစ်ခင်ရင်းနှီးအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါကြောင်း၊ စေ့စပ်ညှိနှိုင်းခြင်း(Negotiation) တွင် နိုင်ငံတကာဆက်ဆံရေး အတွေ့အကြုံကောင်းများကို ကိုးကားပြီး နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဘာသာစကားအနေဖြင့် မိခင်ဘာသာစကားအပြင် အနည်းဆုံး (၂)မျိုး တတ်ကျွမ်းအောင် လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေးကို တိုးတက်မြင့်မား အောင် လုပ်ဆောင်ရန်လည်း လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန်လည်း မှာကြားလိုပါကြောင်း၊ ကျန်းမာရေး မကောင်းပါက တာဝန်များကို ထမ်းဆောင်ရန် အခက်အခဲ ဖြစ်နိုင်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန်များကို အောင်မြင်စွာဖြင့် ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

20240115-11

20240115-11

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.