Articles

သတ္တမအကြိမ်ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ပါဝင်တက်ရောက်

(၂၈-၈-၂၀၂၃ ရက်၊ အော်တာဝါမြို့)
ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့တွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်မှ ၂၆ ရက်အထိ ကျင်းပ ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (Global Environment Facility-GEF) ဝန်ကြီးများအစည်းအဝေးအပါအဝင် သတ္တမအကြိမ်ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ ညီလာခံ (Seventh GEF Assembly) နှင့် ဆက်စပ်အစည်းအဝေးများသို့ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် ဘာသာရပ်တာဝန်ခံ ဒုတိယအတွင်းဝန် ဉီးဉာဏ်လင်းထက်နှင့်အတူ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။
သတ္တမအကြိမ် GEF ညီလာခံ၏ ဖွင့်ပွဲအခမ်းအနားတွင် GEF ၏ ဥက္ကဌနှင့် အမှုဆောင် အရာရှိချုပ် Mr. Carlos Manuel Rodriguez ၊ ကနေဒါနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဝန်ကြီး Mr. Steven Guilbeault နှင့် အရေးပေါ်ကြိုတင် ပြင်ဆင်ရေးဆိုင်ရာဝန်ကြီး Mr. Hajit Sajjan တို့က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။ ညီလာခံတွင် ကနေဒါနိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Mr. Ahmed Hussen က သဘာပတိအဖြစ် လည်းကောင်း၊ နီပေါနိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီး Mr. Prakash Mahat နှင့် ဂျပန်နိုင်ငံ၏ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဒုတိယဝန်ကြီး Mr. Tokao Matsuzawa တို့က ဒုတိယသဘာပတိများအဖြစ် လည်းကောင်း ဆောင်ရွက်ပြီး၊ ပြန်လည်ဖွဲ့စည်းသည့် GEF ထူထောင်ထားရှိရေးဆိုင်ရာစာချွန်လွှာအပေါ် ထပ်မံပြင်ဆင်ဖြည့်စွက်ချက်များ (Amendments to Instrument for the Establishment of a Restructured Global Environment Facility) နှင့် ကမ္ဘာလုံးဆိုင်ရာဇီဝမျိူးစုံမျိူးကွဲထိန်းသိမ်းရေးမူဘောင်ရန်ပုံငွေ (Global Biodiversity Framework Fund) တစ်ရပ် ထူထောင်ထားရှိရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးအတည်ပြုခဲ့ပါသည်။
ညီလာခံသို့တက်ရောက်လာကြသည့် ဝန်ကြီးများ၊ အစိုးရအရာရှိကြီးများနှင့် ကုလသမဂ္ဂ နှင့်နိုင်ငံတကာအဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များက မိန့်ခွန်းများ ပြောကြားခဲ့ကြ ရာ မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်များပါ ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရည်မှန်းချက်များ အောင်မြင်စေရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး၊ ဇီဝမျိုးစုံမျိူးကွဲထိန်းသိမ်းရေးနှင့် မြေအတန်းအစား ကျဆင်းမှုကိုင်တွယ်ဖြေရှင်းရေးဆိုင်ရာကိစ္စရပ်များကို ပါဝင်ဆောင်ရွက်လျက်ရှိရာ၌ GEF မှ ရရှိ သည့် ရန်ပုံငွေများ၏ သိသာထင်ရှားသည့် အကျိုးရလဒ်များကို လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် GEF ၏အကူအညီဖြင့် အဆိုပြုစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ၌ ရန်ပုံငွေများကို အခက်အခဲမရှိ အချိန်မီ လျှောက်ထားရယူနိုင်ရေးအတွက် လိုအပ်သည့် အခြေအနေများကို လည်းကောင်း ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ သတ္တမအကြိမ် GEF ညီလာခံ ၏ ပိတ်ပွဲအခမ်းအနားတွင် ကနေဒါဝန်ကြီးချုပ်ထရူးဒိုး နှင့် GEF ၏ ဥက္ကဌနှင့်အမှုဆောင်အရာရှိ ချုပ် Mr. Carlos Manuel Rodriguez တို့ ပါဝင်တက်ရောက်မိန့်ခွန်းပြောကြားခဲ့ကြပါသည်။
GEF ညီလာခံကို (၄)နှစ်တစ်ကြိမ်ကျင်းပပြီး၊ သတ္တမအကြိမ် GEF ညီလာခံနှင့်ဆက်စပ်၍ “ကျန်းမာသည့်ကမ္ဘာမြေ၊ ကျန်းမာသည့်ပြည်သူများ” ခေါင်းစဉ်ဖြင့် ဝန်ကြီးများအစည်းအဝေး (၃)ခု၊ ဝန်ကြီးအဆင့်စားပွဲဝိုင်းဆွေးနွေးပွဲ (၁၁)ခုနှင့် အစည်းအဝေးငယ် (side event) (၇၂)ခု တို့ ကို တစ်ချိန်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုကျင်းပသည့် GEF ညီလာခံနှင့် ဆက်စပ် အစည်းအဝေးများသို့ နိုင်ငံပေါင်း(၁၈၅)နိုင်ငံမှ ဝန်ကြီးများနှင့်အစိုးရအရာရှိကြီးများ၊ ကုလသမဂ္ဂ နှင့်နိုင်ငံတကာအဖွဲ့အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာရှိ ဌာနေတိုင်းရင်းသားလူမျိုးစုအသိုက်အဝန်းများ၏ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်းကိုယ်စားလှယ် (၁၅၀၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

20230901-08

20230901-08

20230901-08

20230901-08

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.