(၂၅-၄-၂၀၂၅ ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ၂၅-၄-၂၀၂၅ ရက် (သောကြာ နေ့)၊ နံနက်(၉:၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန(နေပြည်တော်)ရှိ ရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးလွင်ဦး နှင့် ဦးကိုကိုကျော်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာန အသီးသီးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ဖြစ်ပွားပြီးနောက်ပိုင်း ငလျင်ဒဏ် ကြောင့် စိတ်ရောကိုယ်ပါပင်ပန်းမှုများကို ခက်ခက်ခဲခဲဖြတ်ကျော်နေရသည့်အချိန်တွင် ဝန်ထမ်း အားလုံးပူးပေါင်းပြီး ကြံ့ကြံ့ခံဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ဂုဏ်ယူကြောင်း၊ ယခုလို သဘာဝဘေးအန္တရာယ်ကို မမျှော်လင့်ဘဲ ကြုံတွေ့ရတဲ့အချိန်တွင် ကြုံတွေ့ရသည့် အခက်အခဲ များကို သင်ခန်းစာယူပြီး ကြံ့ကြံ့ခံနိုင်ရန်နှင့် ကျော်လွှားနိုင်ရန်၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်၊ ကြိုးစားအားထုတ်ရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် မိဘ၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေ ဆုံးရှုံးမှုများကြုံရပြီး ဝမ်းနည်းပူဆွေးစရာများ ဖြစ်ရသော်လည်း ခံနိုင်ရည်မကျသွားရန် ပြောကြားလိုကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုတွင် သဘာဝဘေးအန္တရာယ် (ငလျင်ဘေး၊ ရေဘေး၊ မုန်တိုင်းဘေး) မျိုးစုံကြုံတွေ့နေရကြောင်း၊ ယခုမြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ငလျင်ဒဏ်ကို အုပ်ချုပ်ရေးမြို့တော် အပါအဝင် ဒေသအများအပြားတွင် ဖြစ်ပွားသည့်အတွက် နိုင်ငံတော် အနေဖြင့် ကူညီကယ်ဆယ်ထောက်ပံ့ရေး ကိစ္စရပ်များကို ဆောင်ရွက်နေသကဲ့သို့ မိမိတို့ဝန်ကြီး ဌာနအနေဖြင့်လည်း ဝန်ထမ်းများ နေထိုင်စားသောက်ရေးကိစ္စရပ်များကို အစွမ်းကုန် ဆောင်ရွက် ပေးနေကြောင်း၊ ယခုဆိုလျှင် ငလျင်လှုပ်ခတ်ပြီး တစ်လခန့်ရှိပြီ ဖြစ်၍ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများနှင့် ပြည်သူကို ဝန်ဆောင်မှုပေးနေရသည့် လုပ်ငန်းများ ပုံမှန်ပြန်လည်ဆောင်ရွက်ရန် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုတွေ့ဆုံပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ဝန်ထမ်း များ၏ လတ်တလောကြုံတွေ့နေရဆဲ အခက်အခဲများရှိက တင်ပြနိုင်ရန်ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် တင်ပြကြရန်နှင့် အတတ်နိုင်ဆုံး စုပေါင်း ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဦးစီးဌာနအလိုက် ဝန်ထမ်းများက ၎င်းတို့၏ လိုအပ်ချက်များကို အသီးသီး တင်ပြခဲ့ကြပါသည်။ ဝန်ထမ်းများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်ခံနိုင်ရည် မြင့်မားအောင်၊ ကျန်းမာအောင်၊ စိတ်ဓါတ်ခွန်အားပြည့်အောင် ကြိုးစားပြီး ပုံမှန်အခြေအနေသို့ ရောက်ရှိအောင် နေထိုင်သွားကြ ရန်ဖြစ်ကြောင်း နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို(၁၁:၀၀)နာရီတွင် ရုပ်သိမ်းခဲ့သည်။