(၂၅-၄-၂၀၂၃ ရက်၊ နေပြည်တော်)
ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ပြည်ထောင်စု ဝန်ကြီးများမှ တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ၂၅-၄-၂၀၂၃ ရက်၊ နေ့လယ် (၁၂) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ သံအမတ်ကြီးများနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများက ၎င်းတို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို တစ်ဦးချင်းစီ မိတ်ဆက်တင်ပြကြပါသည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေမှ အမှာစကား ပြောကြားရာတွင် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ အားလုံးကို ဝမ်းမြောက်ကြောင်း ဂုဏ်ပြုစကားပြောကြားလိုပါကြောင်း၊ ပြည်ပတာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများအား အလှည့်ကျ စေလွှတ်တာဝန်ပေးအပ်ခြင်း မဟုတ်ဘဲ သင့်လျော်သူများကို ဝန်ကြီးဌာန၊ ဦးစီးဌာနအကြီးအကဲများက စိစစ်ရွေးချယ်စေလွှတ်၍ တာဝန်ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ ပြည်ပတာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား (National Interest) ကို ကာကွယ်စောင့်ရှောက်ရန်၊ Diplomacy is the First Line of Defence ဆိုသည့်အတိုင်း သံတမန်များအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ရှေ့တန်းမှ ကာကွယ်စောင့်ရှောက်ရာတွင် သစ္စာရှိရှိ၊ တာဝန်သိသိ ထမ်းဆောင်သွားရန် အရေးကြီးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများသာမက သံတမန်တစ်ဦး လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ လုပ်ငန်းစဉ်များအားလုံး လေ့လာသိရှိထားပြီးဖြစ်သည့်အတွက် လေးစားလိုက်နာကြရန် လိုအပ်ပါကြောင်း၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် လတ်တလော ကမ္ဘာကြီး၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုနှင့် မိမိနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေကို အမြဲမပြတ်လေ့လာပြီး သင့်တင့်မျှတသည့် တုံ့ပြန်မှုမျိုးရအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ရာထူးကြီးငယ်မဟူ မိမိလုပ်ဆောင်နိုင်သည့် စွမ်းရည်ကို အပြည့်အဝဖော်ထုတ်၍ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သစ္စာပျက်ယွင်းမှု၊ ကိုယ်ကျင့်တရား ပျက်ယွင်းမှု မဖြစ်စေရန် ကြိုးစားကျင့်ကြံနေထိုင်သွားကြရန် လိုအပ်ပါကြောင်း၊ စေ့စပ်ညှိနှိုင်းခြင်း(Negotiation)တွင် နိုင်ငံတကာဆက်ဆံရေး အတွေ့အကြုံကောင်းများကို ကိုးကားပြီး နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် အရေးကြီးသည့် ရုံးလုပ်ငန်းများကို သတ်မှတ်အချိန်အတွင်း အချိန်ကိုက်ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အမှာစကား ပြောကြားရာတွင် ပြည်ပသို့သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ အားလုံးကို ဂုဏ်ပြုနှုတ်ခွန်းဆက်သပါကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် သံကောင်းတမန်ကောင်း ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားကြရန် မှာကြားလိုပါကြောင်း၊ သံဆိုသည်မှာ သံရုံး (Embassy) ကို ဆိုလိုခြင်းဖြစ်ပြီး တမန် ဆိုသည်မှာ (Messenger) ဖြစ်ပါကြောင်း၊ သံတမန်များအနေဖြင့် အခြားနိုင်ငံများ အစိုးရတာဝန်ရှိသူများ ပြည်သူများအပေါ် မိမိနိုင်ငံ၏ သဘောထားများ၊ သတင်းစကား (Message) များ ပေးနိုင်ရန် တာဝန်ရှိပါကြောင်း၊ သံတမန်များအတွက် နိုင်ငံတကာကျင့်ဝတ်စည်းမျဉ်းများအရ ထိုက်သင့်သည့် Privilege and Immunity များ ခံစားခွင့်ရှိပါကြောင်း၊ Privilege ဟုဆိုရာတွင် သံတမန် အဖြစ် အသိအမှတ်ပြုပြီး အဆင့်အတန်းတစ်ခုကို ပေးအပ်ထားခြင်း ဖြစ်သည့် အားလျော်စွာ သံတမန်ကောင်းတစ်ယောက်ဖြစ်အောင် ဖြည့်ဆည်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ထိုသို့ ဖြည့်ဆည်းရာတွင် အချက် (၃) ချက်ကို ပြည့်စုံအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရည်အချင်း တိုးတက်ရေး၊ အများက လေးစားသော သံတမန်ကောင်းဖြစ်ရေး၊ ရင့်ကျက်သော သံတမန်ကောင်း ဖြစ်ရေး ကြိုးစားရန်နှင့် ဗဟုသုတပိုင်းတွင် နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဥပဒေများ၊ ဗီယင်နာကွန်ဗင်းရှင်းပါ နည်းဥပဒေများကို ပြည့်စုံအောင် ဖြည့်ဆည်းသွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။