ပြည်ထောင်စုဝန်ကြီးနှင့် အမေရိက၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဇုန် တို့ရှိ သံရုံး/အဖွဲ့ရုံးအကြီးအကဲများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ (၂၃-၂-၂၀၂၃ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မှ အမေရိကဇုန်၊ ဥရောပဇုန်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဇုန်တို့ရှိ မြန်မာသံရုံးများနှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများမှ အကြီးအကဲများ၊ သံရုံးယာယီတာဝန်ခံများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၃-၂-၂၀၂၃ ရက်၊ (၁၆၃၀) နာရီတွင် Video Conferencing စနစ်ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ က နိုင်ငံ့အကျိုး အများပြည်သူ အကျိုးကို ဆထက်ထမ်းပိုး ထမ်းဆောင်ကြစေလိုကြောင်း၊ ရှေ့တန်းခံစစ်စည်းမှ ထမ်းဆောင်နေ ကြသည့် သံရုံးအကြီးအကဲများ ရင်ဆိုင်နေရသည့် အခက်အခဲများကို နားလည်ကြောင်း၊ မှန်ကန်သည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာများထံသို့ရောက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လွဲမှားသည့် သတင်းများကို ချေဖျက်နိုင်ရန် မှန်ကန်သည့်သတင်း၊ ရိုးသားမှုတို့နှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် ထိတွေ့ဆက်ဆံမှုနှင့်ပတ်သက်၍ အခက်အခဲများ ရှိနိုင်သော်လည်း အမှန်တရားကို ရှင်းလင်းပြောကြားရန် တာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို သိရှိခြင်း မရှိဘဲ၊ မဟုတ်မမှန် ဝါဒဖြန့်နေသော မီဒီယာများ၏ သတင်းများသာ လွှမ်းမိုးနေသည်ကို သံရုံးအကြီးအကဲများ သဘောပေါက်နားလည်ရန် လိုအပ် ကြောင်း၊ သံတမန်တိုက်စစ်မှူးများ၏ တာဝန်မှာ မိတ်ဝတ်မပျက် ပွင့်ပွင့်လင်းလင်း အမှန်တရားအပေါ် အခြေခံပြီး ဆက်ဆံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တိုင်းပြည်နှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ နိုင်ငံတော်ကို သစ္စာရှိရန် လိုအပ်ပါကြောင်း၊ ဦးစီးဦးဆောင်လုပ်သူများက တော်တည့်မှန်ကန်စွာ ဆောင်ရွက်မှသာ နောက်ပါဝန်ထမ်းများမှ လိုက်ပါဆောင်ရွက်ပြီး ရည်မှန်းချက်တာဝန်များ ပြည့်မြောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများကိုလည်း ထမ်းဆောင်ရမည့်တာဝန်၊ လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်နှင့်အညီ ကျရာနေရာမှ စိတ်ဓာတ်၊ စည်းကမ်းနှင့် စာရိတ္တကောင်းသူများဖြစ်စေရန် လေ့ကျင့်ပျိုးထောင်ပေးကြရန် မှာကြားလိုကြောင်း၊ သံရုံးအကြီးအကဲများအနေဖြင့် နိုင်ငံတော်ကို သစ္စာရှိရှိဖြင့် အပင်ပန်းခံ၊ အခက်အခဲမျိုးစုံကို ရင်ဆိုင်လျက် ဆောင်ရွက်နေကြသည့်အတွက် အသိအမှတ်ပြုပါကြောင်း၊ ဂုဏ်လည်းယူပါကြောင်း၊ ၎င်းစိတ်ဓာတ်များကို လက်ဆင့်ကမ်းပေးသွားကြရန်နှင့် မိမိတို့၏ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများကိုလည်း အသိပညာပေးပြီး ဆွေးနွေး ဆောင်ရွက်ပေးသွားကြရန် လိုအပ်ကြောင်း စသည်ဖြင့် မှာကြားပါသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် မပတ်သက်ကြရန် ဥပဒေကလည်း သတ်မှတ်ထားကြောင်း၊ အချို့သော နိုင်ငံများဆိုပါက နိုင်ငံ့ဝန်ထမ်းများသာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ နိုင်ငံရေးပါတီများနှင့် မပတ်သက်ရန် တားမြစ်ချက်များ ရှိပါကြောင်း၊ တာဝန်အရ ပေးအပ်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြုခြင်း၊ တာဝန်ပျက်ကွက်ခြင်းများ မဖြစ်ပေါ်စေဘဲ တာဝန်ကျေပွန်စွာနှင့် ရိုးသားဖြောင့်မတ် နိုးကြားတက်ကြွစွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သံရုံးအကြီးအကဲများနှင့် ဝန်ထမ်းများအကြား အပြန်အလှန် လေးစားစွာ ဆက်ဆံကြရန်နှင့် တစ်ဦးအပေါ်တစ်ဦး ဂါရဝတရားဖြင့် မိသားစုသဖွယ် ကူညီဖေးမနေထိုင်ကြရန် မှာကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် လေ့လာသင်ယူကြရန်နှင့် မိမိတို့၏ အရည်အသွေး တိုးတက်ရန် ကြိုးစားကြစေလိုကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

20230301-20

20230301-20

Embassy Websites

 

  

Myanmar Unicode Font

Government Websites

 

 

Contact us

အဂတိလိုက်စားမှုများ တိုင်ကြားရန်

This email address is being protected from spambots. You need JavaScript enabled to view it.