နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မှ ဝန်ထမ်းများအား တွေ့ဆုံ အမှာစကား ပြောကြားသည့် အခမ်းအနားကို ၁၇-၂-၂၀၂၃ ရက် ၊ နံနက် (၁၁:၀၀) နာရီတွင် လောကနတ်ခန်းမ၌ ကျင်းပရာ၊ အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ သံအမတ်ကြီး ဦးမောင်မောင်လင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် တစ်ဦးချင်း ကိုယ်ရည်ကိုယ်သွေး မြင့်မားစေရန် မိမိကိုယ်မိမိ တည်ဆောက်ရန် လိုအပ်ပြီး ကိုယ်စားပြုသော ဌာနနှင့် နိုင်ငံတော်၏ တာဝန်များကို ကျေပွန်စွာ ထမ်းရွက်သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းဖြစ်သဖြင့် တစ်ဦးချင်း အရည်အသွေး မြင့်မားစွာ တည်ဆောက်ပြီး အစုအဖွဲ့ဖြင့် ညီညွတ်စွာ ဆောင်ရွက်မှသာ လုပ်ငန်းတာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ သင်ယူလေ့လာမှုများကို စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်သွားရန် လိုကြောင်း၊ အဆင့်မြင့်အရာထမ်းများအနေဖြင့်လည်း မိမိလက်အောက် ဝန်ထမ်းများ၏ အရည်အသွေး မြင့်မားတိုးတက်စေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအတွက် သစ္စာရှိရန်မှာလည်း အထူးအရေးကြီးကြောင်း၊ သစ္စာပျက်ယွင်းမှုကြောင့် လက်တွဲဖြုတ်ခဲ့ရသည့် သာဓကများရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် နိုင်ငံတော်၏ အခြေအနေများကို နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မြင်တွေ့သိရှိပြီး ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုကြောင်း၊ ဝန်ကြီးဌာန၏ သဘောသဘာဝအရ ဝန်ထမ်းများသည် ပြည်တွင်းတစ်လှည့် ပြည်ပတစ်လှည့် သွားရောက်တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ ပထဝီ နိုင်ငံရေး အခြေအနေကို သိရှိနားလည်သဘောပေါက်ထားရန် လိုအပ်ကြောင်း၊ မိမိနိုင်ငံ၏ အခြေအနေအမှန်ကို သိရှိပြီး နိုင်ငံတကာမျက်နှာစာတွင် အခြားသူများ နားလည်သဘောပေါက်အောင် ပြောကြားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် မိမိအောင်မြင် တိုးတက်မှုအတွက် ကြိုးစားရင်း နိုင်ငံတော်နှင့် ပြည်သူများ အကျိုးစီးပွားဖော်ဆောင်နိုင်ရန် အတ္တဟိတ၊ ပရဟိတ စိတ်ဓာတ်ပြည့်စုံစွာဖြင့် ပေးအပ်သော တာဝန်များကို ညီညွတ်စွာဆောင်ရွက်သွားကြရန် လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ဝန်ထမ်းများ စိတ်ဓာတ်နှင့် စွမ်းရည်ပြည့်ဝမှန်ကန်စေရေး လေ့ကျင့်ပျိုးထောင်သွားရန် လိုကြောင်း၊ သို့မှသာ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း စသည်ဖြင့် မှာကြားခဲ့ပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါကြောင်းနှင့် အခမ်းအနားကို မွန်းလွဲ (၁၂း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။