ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ (၁၁၀၀) နာရီတွင် အင်ဒိုနီးရှားသံအမတ်ကြီး၏နေအိမ်၌ ကျင်းပသည့် အာဆီယံကော်မတီ၊ အော်တာဝါမြို့ (ASEAN Committee in Ottawa) သံရုံးအကြီးအကဲများ၏ (၂၇၇)ကြိမ်မြောက်အစည်းအဝေးနှင့် ကနေဒါစီးပွားရေးကောင်စီ (Business Council of Canada) ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Goldy Hyder အား အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ အော်တာဝါမြို့အခြေစိုက်အာဆီယံနိုင်ငံ သံရုံးများမှ သံအမတ်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် အင်ဒိုနီးရှားသံရုံး၏ အာဆီယံကော်မတီဥက္ကဋ္ဌသက်တမ်းကာလ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် အာဆီယံ-ကနေဒါ ဆွေးနွေးဖက်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ ထို့နောက် အာဆီယံသံအမတ်ကြီးများနှင့် အထူးဧည့်သည်တော်အဖြစ်ဖိတ်ကြားထားသည့် ကနေဒါ စီးပွားရေးကောင်စီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Goldy Hyder တို့ ပါဝင်တက်ရောက် သည့် အလုပ်သဘောနေ့လယ်စာစားပွဲကို ဆက်လက်ကျင်းပခဲ့ရာ နေ့လယ်စာစားပွဲတွင် အာဆီယံနှင့်ကနေဒါနိုင်ငံတို့အကြား စွမ်းအင်၊ ရာသီဥတုပြောင်းလဲမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။