နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအားတွေ့ဆုံ အမှာစကား ပြောကြားသည့် အခမ်းအနား ပြုလုပ်

(၂၃-၄-၂၀၂၆ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဝန်ထမ်းများ အား တွေ့ဆုံအမှာစကား ပြောကြားသည့် အခမ်းအနားကို ၂၃-၄-၂၀၂၆ ရက် (ကြာသပတေးနေ့) ၁၅၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်ရှိ လောကနတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက် ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေမှ အမှာစကားပြောကြားရာတွင် မိမိ ဝန်ထမ်း များကို ပထမဆုံးတွေ့ဆုံသည့် အခမ်းအနား ဖြစ်ပါကြောင်း၊ လက်ရှိအစိုးရ၏ အနာဂါတ် ဆောင်ရွက်မည့် အစီအစဉ်များကို အသိပေးပြောကြားလိုပါကြောင်း၊ မိမိတို့ နိုင်ငံခြားရေးဝန်ကြီးဌာနသည် နိုင်ငံ့စွမ်းအား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အရေးပါသည့် ဝန်ကြီးဌာန ဖြစ်ပါကြောင်း၊ တာဝန်သိသိ သစ္စာရှိရှိဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးနှင့် ဝန်ကြီးဌာနအကျိုးကို မိသားစုသဖွယ် စိတ်ဓာတ်ဖြင့် ထမ်းဆောင် သွားရန် လိုအပ်ပါကြောင်း လမ်းညွှန်ပြောကြားခဲ့ပါသည်။

ဝန်ထမ်းများအနေဖြင့် တော်တည့်မှန်ကန်စွာနေထိုင်၍ ညီညီညွတ်ညွတ်ပူးပေါင်း ဆောင်ရွက်မှုဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသည် ပြည်ပနိုင်ငံများနှင့် ထိတွေ့ဆက်ဆံ၍ အောင်မြင်အောင် ဆောင်ရွက်ခြင်းနှင့် ပြည်တွင်းတွင် အခြား ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် လုပ်ငန်းများ ပြီးမြောက် အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတကာဆက်ဆံရေးတွင် ရန်သူကို ကြားနေဖြစ်အောင် ဆောင်ရွက်ခြင်း၊ ကြားနေကို မိတ်ဆွေဖြစ်အောင် ဆောင်ရွက်ခြင်း၊ မိတ်ဆွေကို မဟာမိတ်ဖြစ်အောင် ဆောင်ရွက်ခြင်း နည်းလမ်းဖြင့် ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ အာဆီယံနိုင်ငံများနှင့် လည်းကောင်း အိမ်နီးချင်းနိုင်ငံများနှင့်လည်းကောင်း ကျန်နိုင်ငံများ အားလုံးနှင့်လည်းကောင်း ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် အစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ စီမံကိန်းတွင် ပေးအပ်ထားသော ရည်မှန်းချက် တာဝန်များကို ကာလတိုအတွင်း အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ပတွင် သွားရောက် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံရပ်ခြားတွင် ရငွေနှင့်သုံးငွေ မျှတစွာသုံးစွဲရန်၊ သားသမီးများ ပြည်ပတွင် ပညာသင်ကြားရာတွင် မိမိတို့နိုင်ငံအပေါ် မျိုးချစ်စိတ်ရှိရန်၊ အမျိုး၊ဘာသာ၊ သာသနာ ကို တန်ဖိုးထားတတ်စေရေး သင်ကြားပေးရန် ပြောကြားခဲ့ပါသည်။ ထို့အပြင် ဝန်ထမ်းများ ကျန်းမာရေးနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ တတ်နိုင်သမျှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ငလျှင်ကာလအလွန် ဝန်ထမ်းနေအိမ်ခန်းများတွင် အပြည့်အဝ ပြန်လည် နေထိုင်နိုင် ရေးကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းများအားလုံး စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်ဖြင့် လုပ်ငန်းများ အောင်အောင်မြင်မြင်ဖြစ်အောင် ပူးပေါင်းဆောင်ရွက် သွားကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).