နေပြည်တော် လမ်းလျှောက်သင်္ကြန်ပွဲတော် အတက်နေ့တွင် သံတမန်များနှင့် မိသားစုဝင်များ ပါဝင်ဆင်နွှဲ

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်

နေပြည်တော် လမ်းလျှောက်သင်္ကြန်ပွဲတော် နောက်ဆုံးနေ့(အတက်နေ့)တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံတမန်သင်္ကြန်အစီအစဉ်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင် များ၊ စစ်သံမှူး၊ ဒုတိယ/လက်ထောက် စစ်သံမှူးများနှင့် မိသားစုဝင်များ အပါအဝင် စုစုပေါင်း အင်အား ၇၀ ကျော် လာရောက်ပါဝင် ဆင်နွှဲခဲ့ကြပါသည်။

လမ်းလျှောက်သင်္ကြန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း၊ ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ ဝန်ထမ်းများက ဧည့်သည်သံတမန်များနှင့်အတူ အတာရေသဘင်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် သံတမန်များ၊ ၎င်းတို့၏ မိသားစုဝင်များသည် ပထမဦးစွာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဗဟိုမဏ္ဍပ်သို့ သွားရောက်ရေကစားခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန အတာသင်္ကြန်မဏ္ဍပ်သို့ လာရောက်ခဲ့ကြပါသည်။ မဏ္ဍပ်၌ ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဝန်ကြီးဌာန ယိမ်းအကအဖွဲ့များက အတာသင်္ကြန်တေးသီချင်းများဖြင့် တင်ဆက်ဖျော်ဖြေကြကာ မြန်မာရိုးရာ အစား အစာများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ သံတမန်များနှင့် မိသားစုဝင်များက တေးသီချင်းများ၊ ကပြဖျော်ဖြေမှုများကို အားပေးလျက် လာရောက်ရေကစားကြသည့် ပြည်သူ များနှင့်အတူ အတာသဘင်ကို ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ဧည့်သည်သံတမန်များသည် လမ်းလျှောက်သင်္ကြန် ဗဟိုမဏ္ဍပ်၊ ဉာဏသိဒ္ဓိမိသားစု ရေကစားမဏ္ဍပ်၊ ပြည်ထဲရေးဝန်ကြီးဌာနမဏ္ဍပ် အပါအဝင် အခြားဝန်ကြီးဌာန ရေကစားမဏ္ဍပ်များသို့ လည်ပတ်ကာ ရေသဘင်ဆင်နွှဲ ခဲ့ကြပါသည်။ ပွဲတော်သို့လာရောက်သည့် သံတမန်များကို ပြည်ထောင်စုဝန်ကြီးက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

စစ်သံမှူးများ၊ ဒုစစ်သံမှူးများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရေကစားမဏ္ဍပ်သို့ သွားရောက်ကာ အတာသဘင် ပျော်ရွှင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိပါသည်။

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).