နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

(၁၇-၃-၂၀၂၆ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်း များတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၊ ဝန်ကြီးဌာနအတွင်း ကျင်းပခဲ့သည့် ဒီဇင်ဘာ အားကစားပြိုင်ပွဲများတွင် အသီးသီး ဆုရရှိခဲ့ကြသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၁၇-၃-၂၀၂၆ ရက် (အင်္ဂါနေ့)၊ နံနက် (၁၀:၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကား ပြောကြားရာတွင် ဤအခမ်းအနားသည် အောင်မြင်မှုများကို အားသစ်လောင်းပေးရန် ကျင်းပခြင်းဖြစ်ကြာင်း၊ အရာထမ်း/အမှုထမ်းများ၏ ကြိုးစားအားထုတ်မှုသည် တစ်ဦးချင်း အတွက် ဂုဏ်ယူစရာသာမက ဝန်ကြီးဌာနအတွက်လည်း ခွန်အားတစ်ရပ်ဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဝန်ထမ်းများကို မူလဖွဲ့စည်းပုံအတိုင်း ခန့်အပ်ထားနိုင်ခြင်း မရှိသေဘဲ ဖွဲ့စည်းပုံအင်အား၏ ၄၂ ရာခိုင်နှုန်းဖြစ်သည့် အရာထမ်း ၅၅၁ ယောက်၊ အမှုထမ်း ၆၁၄ ယောက် စုစုပေါင်း ဝန်ထမ်းအင်အား ၁,၁၆၅ ယောက်ဖြင့် လုပ်ငန်းများ လုပ်ဆောင်နေ ကြောင်း၊ ပြည်ပ၌ ၃၄၈ ယောက်၊ ပြည်တွင်း၌ ၈၁၇ ယောက်သော ဝန်ထမ်းများဖြင့် နိုင်ငံတကာ ဆက်ဆံရေးနှင့် သံတမန်ရေးရာကိစ္စရပ်များကို ဆောင်ရွက်နေကြကြောင်း၊ ယခုအချိန်ထိ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ကြသဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စရပ်များသည် လူအချင်းချင်း ဆက်ဆံရေး၊ လူ့အဖွဲ့အစည်းအချင်းချင်း ဆက်ဆံရေးစသည့် အခြေခံဆက်ဆံရေးများမှ စတင်ခဲ့ခြင်းဖြစ်ပြီး စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေး အထူးသဖြင့် စစ်ရေး ပဋိပက္ခများ ဖြေရှင်း ရာမှာ သံခင်းတမန်ခင်း ဆက်ဆံရေးရာ အထူးအရေးပါလာကြောင်း၊ သံတမန်ဆိုသည်မှာ အနည်းဆုံးအင်အားနှင့် အများဆုံးတာဝန်ကို ထမ်းဆောင်ကြ ရသူများဖြစ်ကြောင်း၊ ရှေးယခင် က တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား သံတမန်စေလွှတ်သည့်အခါ အတွေ့အကြုံ၊ ဗဟုသုတ ပြည့်စုံ မြင့်မားပြီး သစ္စာ၊ သတ္တိနှင့် ဆင်ခြင်တုံတရားတို့ ပြည့်စုံသည့် ပုဂ္ဂိုလ်များကိုသာ ရွေးချယ် ခန့်အပ်ခဲ့ကြကြောင်း၊ နောက်ပိုင်းတွင် အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် သံတမန် ဝန်ထမ်း များကို ရွေးချယ်ခန့်အပ်သည့် အခါတွင်လည်း အရည်အသွေးမြင့်မားပြီး ပညာ၊ ဗဟုသုတ၊ အတွေးအခေါ် ကြွယ်ဝမှု သစ္စာရှိမှု၊ သတ္တိရှိမှု၊ ဆက်ဆံရေးကောင်းမွန်မှု ရှိသူများ တစ်နည်း ဆိုသော် ရန်သူကို မိတ်ဆွေ၊ မိတ်ဆွေကို မိမိ၏ အကျိုးစီးပွားဖက် ဖြစ်လာစေရန် ဆောင်ရွက်နိုင်မည့်သူများကို ရွေးချယ်ကာ သံတမန်အဖြစ် တာဝန်ပေးအပ်ခဲ့ကြကြောင်း၊ သစ္စာ၊ သတ္တိ၊ ပညာနှင့် မပြည့်စုံဘဲ သံတမန်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နိုင်မည် မဟုတ်ကြောင်း၊ သံတမန်များအနေဖြင့် နည်းပညာနှင့် မဟာဗျူဟာမြောက် တွေးခေါ်မှု စသည့် အရည်အသွေးများကို စဉ်ဆက်မပြတ် မြှင့်တင် နေရမည်ဖြစ်ပြီး “အမြဲလေ့လာဆည်းပူးသူ” (Life-long Learner)များ ဖြစ်ရန်လိုအပ်ရာ မိမိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူသည့် ကာလအတွင်း စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း(Capacity Building) ကို အထူး အလေးထား ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတကာအလယ်တွင် နိုင်ငံတော်၏ ပုံရိပ်ကောင်းမွန်စေရန် ယုံကြည်မှုနှင့် လေးစားမှု တည်ဆောက်ရေးသည် အဓိကကျပြီး သံတမန်တိုင်းသည် မိမိတို့၏ အပြုအမူ၊ ကျင့်ဝတ်နှင့် စည်းကမ်း လိုက်နာမှုများဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထင်ဟပ်စေရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် သက်သာချောင်ချိရေး တို့ကို အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ၊ ဝန်ထမ်းများအနေဖြင့် မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ တာဝန်ထမ်းဆောင်ရင်း နိုင်ငံတော်က အားကိုးရသည့်၊ ပြည်သူက ယုံကြည် ရသည့် သံတမန်များအဖြစ် ခိုင်ခိုင်မာမာရပ်တည်သွားကြရန် လိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၊ ဝန်ကြီးဌာန တွင်း ကျင်းပခဲ့သည့် ဒီဇင်ဘာလ အားကစားပြိုင်ပွဲများတွင် အသီးသီးဆုရရှိ ခဲ့ကြသူများကို ဆုချီးမြှင့်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။

Contact us

Address

336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.

Phone

(1)(613)232 9990

© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).