ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးက အာဆီယံကော်မတီ(အော်တာဝါ)သံရုံးအကြီးအကဲများနှင့် အိန္ဒိယသံအမတ်ကြီးတို့၏အလုပ်သဘောညစာစားပွဲ လက်ခံကျင်းပ
(၂၂-၃-၂၀၂၄ ရက်၊ အော်တာဝါမြို့)
အော်တာဝါမြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ (အော်တာဝါ) (ASEAN Committee in Ottawa-ACO) ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဟောက်ခန့်ဆုမ်းသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်၊ ၁၉၀၀ နာရီတွင် အော်တာဝါမြို့၊ Fairmont Chateau Laurier ဟိုတယ်ရှိ Executive Boardroom ခန်းမ၌ အာဆီယံကော်မတီ(အော်တာဝါ) သံရုံးအကြီးအကဲများနှင့် ကနေဒါနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး Mr. Sanjay Kumar Verma တို့၏ အလုပ်သဘော ညစာစားပွဲကို လက်ခံကျင်းပခဲ့ပါသည်။
အလုပ်သဘောညစာစားပွဲတွင် မြန်မာသံအမတ်ကြီးက အာဆီယံ-အိန္ဒိယဆွေးနွေးဖက် ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး (CSP) အဆင့်သို့ တိုးမြှင့်ခဲ့ပြီးနောက်ပိုင်း ပင်လယ်ရေကြောင်း(Maritime) နှင့် ပေါင်းစပ်ဆက်သွယ်ရေး(Connectivity) ကဏ္ဍ များအပါအဝင် အင်ဒို-ပစိဖိတ်ဆိုင်ရာအာဆီယံ၏သဘောထားအမြင် (ASEAN Outlook on the Indo-Pacific) ၏ ဉီးစားပေးနယ်ပယ်များအောက်မှ ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အိန္ဒိယသံအမတ်ကြီးက အိန္ဒိယအနေဖြင့် အာဆီယံ၏အချက်အခြာကျမှုကိုအလေးထားလျက် ဆွေနွေးဖက်ဆက်ဆံရေးမူဘောင်အောက်မှ သာမက အရှေ့အာရှထိပ်သီးအစည်းအဝေး(EAS) နှင့် အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF) ကဲ့သို့ သော အာဆီယံဉီးဆောင်သည့်ယန္တယားများအောက်မှလည်း အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် အာဆီယံ သံအမတ်ကြီးများနှင့် အိန္ဒိယသံအမတ်ကြီးတို့က ပေါင်းစပ်ဆက်သွယ်ရေး၊ ပင်လယ်ရေကြောင်း၊ ပညာရေး၊ ဆိုက်ဘာလုံခြုံရေး၊ ညာဏ်ရည်တု၊ စားနပ်ရိက္ခာလုံခြုံမှု၊ ဆက်သွယ်ရေးနည်းပညာ၊ ယဉ်ကျေးမှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု အစရှိသည့်နယ်ပယ်များတွင် အာဆီယံနှင့်အိန္ဒိယ အကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်မည့်အခွင့်အလမ်းများနှင့် အိန္ဒိယ-ကနေဒါ နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြ ကြောင်း သိရှိရပါသည်။
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
