နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ
(၂၁-၂-၂၀၂၅ရက်၊နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ထမ်းများ စည်းလုံးညီညွတ်ရေး၊ လုပ်ငန်းခွင်ပျော်ရွှင်စေရေး၊ ဝန်ထမ်းများအကြား အပြန်အလှန်ချစ်ကြည် ရင်းနှီးမှုနှင့် အဖွဲ့အစည်းစိတ်ဓာတ် ဖြစ်ပေါ်ခိုင်မာအားကောင်းလာစေရေး၊ ပျော်ရွှင်စွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းရေးဟူသော ရည်ရွယ် ချက်များဖြင့် ယနေ့ ၂၁-၂-၂၀၂၅ ရက် (သောကြာနေ့) မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ် (၉)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ အထူးဧည့်သည်တော်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ သံအမတ်ကြီးများ၊ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ စုံညီစွာတက်ရောက်ခဲ့ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ ကြပါသည်။
ထမနဲထိုးပြိုင်ပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနတို့မှ ဌာနအလိုက် အရာထမ်း၊ အမှုထမ်းများ ပါဝင်သည့် ပြိုင်ပွဲဝင်အသင်း (၈)သင်းတို့က မြန်မာ့ရိုးရာ ယဉ်ကျေးမှု အစဉ်အလာအတိုင်း အမှတ်ပေးသတ်မှတ်ချက်များနှင့်အညီ အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင် ကြပြီး ဝန်ထမ်းများကလည်း ဦးစီးဌာနအလိုက် အိုးစည်ဒိုးပတ်၊ သံချပ်များဖြင့် တီးမှုတ်ကခုန်ကာ ပျော်ရွှင်စွာ အားပေးခဲ့ကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ပြိုင်ပွဲဝင်အသင်း (၈)သင်းတို့ ၏ ထမနဲထိုးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။
Contact us
Address
336, ISLAND PARK DRIVE, OTTAWA,ONTARIO K1Y0A7, CANADA.
Phone
© Copyright 2025 by EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR, OTTAWA (CANADA).
